Skip to content

အလ္လာဟ်ချစ်မြတ်နိုးသော…စိတ်ရင်းမှန်ဖြင့် ဒုအာအ်ပြုလုပ်ခြင်း 

ရှေ့က article မှာ ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى)အား ချီးမွမ်းခြင်းကို နှစ်သက်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အလ္လာဟ် (سبحانه وتعالى)သည် ချီးမွမ်းခံရခြင်းကိုသာမက ကျွန်မတို့ရဲ့ အသံကို ကြားရခြင်းကိုလည်း နှစ်သက်ပါတယ်။ ဒုအာအ်တောင်းခံတာကို “ချီးမွမ်းခြင်းနဲ့ တောင်းဆိုခြင်း” ဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲလို့ရပါတယ်။ ဆိုလိုတာက အလ္လာဟ် (سبحانه وتعالى)ကို အရင်ချီးမွမ်းပြီးမှ အလ္လာဟ် (سبحانه وتعالى)ဆီက တောင်းဆိုတာပါ။

 ဥပမာ လူတစ်ယောက်ကို စဉ်းစားကြည့်ရအောင်။ ကျွန်မတို့က မလုပ်ပေးလိုတဲ့၊ လုပ်မပေးနိုင်တဲ့ သို့မဟုတ် ကပ်စေးနှဲတဲ့သူနဲ့ ဆက်ဆံပြောဆိုကြတဲ့အခါ ထိုလူ့ဆီကို တောင်းဆိုတာတွေများလာရင်၊ များသောအားဖြင့် သူတို့က ကျွန်မတို့ကို နှစ်သက်တာ ရပ်သွားမယ်၊ ချစ်တာလည်း ရပ်သွားမယ်။ ကျွန်မတို့က တစ်ယောက်ယောက်ကို လူတစ်ယောက်အဖြစ် ချစ်နိုင်ပေမယ့်၊ သူတို့က အမြဲ ဖုန်းဆက်ပြီး ကျွန်မတို့ဆီက ဟိုဟာဒီဟာ တောင်းနေရင်၊ များသောအားဖြင့် ကျွန်မတို့ စိတ်ပျက်သွားတယ်။ သူတို့ကို စကားမပြောတော့ဘူး သို့မဟုတ် သူတို့ ဖုန်းဆက်ရင် မကိုင်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က ဆက်တိုက် တစ်ခုခု တောင်းနေမှာကို သိလို့ပါ။ ဒါပေမယ့် အလ္လာဟ် (سبحانه وتعالى)နဲ့ ပတ်သက်ရင်တော့၊ အလ္လာဟ် (سبحانه وتعالى)အား ချီးမွမ်းခြင်းကသာ ကျွန်မတို့ကို နီးကပ်စေတာ မဟုတ်ဘဲ၊ အလ္လာဟ် (سبحانه وتعالى)ထံတော်မှ တောင်းဆိုခြင်းကလည်း ကျွန်မတို့ကိုအလ္လာဟ် (سبحانه وتعالى) ပိုနီးကပ်စေပါတယ်။ ဒါဟာ ကျွန်မတို့လို လူသားတွေနဲ့ အလ္လာဟ် (سبحانه وتعالى)ရဲ့ ထူးခြားကွဲပြားချက်ကို ပြတဲ့ အံ့ဩစရာ အချက်ပါ။

 ဟဒီးဆ်တော်မှာ တမန်တော်မြတ် (صلى الله عليه وسلم)က ရှေ့က အခန်းမှာ ဖော်ပြခဲ့သလိုပဲ “အသင့်အရှင်သခင်သည် ချီးမွမ်းခံရခြင်းကို နှစ်သက်သည်” လို့ မိန့်ခဲ့ပါတယ်။ အခြားတစ်ခုမှာတော့ “အလ္လာဟ် (سبحانه وتعالى)ရဲ့ ရက်ရောတတ်ခြင်းမှ တောင်းခံမှုပြုကြပါ၊ အလ္လာဟ် (سبحانه وتعالى)သည် တောင်းဆိုခံရခြင်းကို နှစ်သက်သည်” လို့ မိန့်ခဲ့ပါတယ်။ တမန်တော်မြတ် (صلى الله عليه وسلم)က “အကောင်းဆုံး ခဝပ်ကိုးကွယ်မှုက အလ္လာဟ် (سبحانه وتعالى)ဆီမှ သက်သာခွင့်၊ ကယ်မခွင့်ကို စောင့်မျှော်တာပဲ” လို့လည်း မိန့်ခဲ့ပါတယ်။

 ကျမ်းမြတ်ကုရ်အာန် စူရာဟ် အလ်-ဗကရဟ် အာယာဟ် ၁၈၆မှာ အလ္လာဟ် (سبحانه وتعالى)သည် စိတ်ရင်းမှန်နဲ့ အလ္လာဟ် (سبحانه وتعالى)ထံ တောင်းဆုပြုခြင်းကို နှစ်သက်ကြောင်း ဖော်ပြထားပါတယ်။

وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ

 “ထို့ပြင် ငါအရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ အသင်(တမန်တော်)ကိုမေးမြန်းသည့်အခါ (အသင်ပြောလိုက်ပါ) အမှန်စင်စစ်ငါအရှင်မြတ်သည်(သူတို့နှင့်) နီးကပ်စွာ ပင်ရှိတော်မူသည်။ငါအရှင်မြတ်သည်ဆုတောင်း ဒုအာအ်ပြုသူ၏ဆုတောင်းဒုအာအ်ကို ထိုသူငါအရှင်မြတ်ထံတွင်ဆုတောင်းသည့်အခါ လက်ခံတော်မူသည်။”

 ဒီအာယာဟ်တော်ကို များသောအားဖြင့် အလ္လာဟ် (سبحانه وتعالى)သည် ကျွန်မတို့နဲ့ နီးကပ်မှုရှိတယ်၊ ကျွန်မတို့ကို ဖြေကြားမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖော်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီအာယာဟ်တော်ကို “အမှန်စင်စစ် ငါအရှင်မြတ်သည်(သူတို့နှင့်) နီးကပ်စွာပင် ရှိတော်မူသည်” လို့ပဲ ဖော်ပြလိုက်ရင်၊ အလ္လာဟ် (سبحانه وتعالى)ရဲ့ နီးကပ်မှုဟာ ကျွန်မတို့ရဲ့ ဒုအာအ်ကနေ ရရှိတဲ့ အကြီးဆုံး ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။

 ဒါကြောင့် အလ္လာဟ် (سبحانه وتعالى)က ဒုအာအ်ကို ဘယ်လိုဖြေကြားတယ်ဆိုတာထက် ကျွန်မတို့မှာ အလ္လာဟ် (سبحانه وتعالى)နဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိတယ်၊ ကျွန်မတို့ရဲ့ အသံကို ကြားရတာကို နှစ်သက်တဲ့ အရှင်သခင်ရှိတယ်ဆိုတာက ပိုအရေးကြီးပါတယ်။ အလ္လာဟ် (سبحانه وتعالى)သည် အရှင်မြတ်ထံတော်မှာ လက်ကိုဖြန့်ပြီး ဒုအာအ်တောင်းခံသူများကို မသိကျေးကျွံမပြုရက်သည့်အရှင်ဖြစ်သလို အရှင်မြတ်ရဲ့ ကျေးကျွန်တို့ထံမှ တောင်းဆုဒုအာအ်ပြုသံကြားရခြင်းကိုလည်း နှစ်သက်တော်မူသည့်အရှင် ဖြစ်ပါတယ်။ အွမ္မရ် (رضي الله عنه)က “အကျွန်ုပ်တောင်းဆု ဒုအာအ်ပြုတဲ့အခါ၊ အရှင်မြတ်ထံမှ အဖြေအတွက် မပူပင်ပါဘူး၊ ဆုတောင်းခွင့်ရနိုင်ဖို့ကိုသာ ပိုမိုစိတ်ပူပင်လေ့ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

 အလ္လာဟ် (سبحانه وتعالى)က ကျွန်မတို့ကို ဆုတောင်းခွင့်ပေးရင်၊ ကျွန်မတို့ဟာ ကောင်းတဲ့နေရာမှာ ရှိတယ်၊ အလ္လာဟ် (سبحانه وتعالى)နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထဲမှာ ရှိတယ်ဆိုတာ သိလိုက်ပါ။ ဒါကြောင့် အလ္လာဟ် (سبحانه وتعالى)ကို ခေါ်ဆိုနိုင်တဲ့ အခွင့်အလမ်းဟာ – ကျွန်မတို့ ဘယ်လောက် ပျက်စီးနေပါစေ၊ ဘယ်လောက် အပြစ်တွေလုပ်ထားပါစေ၊ အလ္လာဟ် (سبحانه وتعالى)နဲ့ ဘယ်လောက် ဝေးနေပါစေ၊ အလ္လာဟ် (سبحانه وتعالى)က ကျွန်မတို့အသံကို ကြားရတာကို နှစ်သက်တယ်ဆိုတာကို သိရတာဟာ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာပါ။

 ‘Ațā’illāh (رحمه الله) ရဲ့ လှပတဲ့ အဆိုတစ်ခုရှိပါတယ်။ “ဘယ်အချိန်မဆို အလ္လာဟ် (سبحانه وتعالى)က သင့်လျှာ၊ နှုတ်ကနေ တောင်းဆိုနိုင်ခွင့်ပေးထားခဲ့တယ်ဆိုရင်၊ အလ္လာဟ် (سبحانه وتعالى)က သင့်ကို တစ်ခုခုပေးချင်တယ်ဆိုတာ သိလိုက်ပါ။ အဘယ်ကြောင့်ဆိုတော့ အလ္လာဟ် (سبحانه وتعالى) သည် သင်တောင်းခံသည့် ဒုအာအ်ကို ဖြေကြားချင်မှသာ ထိုဒုအာအ်ကို တောင်းခံခွင့်ပြုမှာဖြစ်ပြီး၊ ဒုအာအ်ရဲ့ အကောင်းဆုံး ဆုလာဘ်က အလ္လာဟ် (سبحانه وتعالى)သည် တောင်းဆုပြုသံကြားရခြင်းကို နှစ်သက်ပြီး ရလဒ်အနေနဲ့ အသင်ဟာ အလ္လာဟ် (سبحانه وتعالى)နဲ့ ပိုမိုနီးကပ်လာခြင်းပဲဖြစ်ပါတယ်။”

وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ

 “ထို့ပြင် ငါအရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့်ပတ်သက်၍ အသင်(တမန်တော်)ကို မေးမြန်းသည့်အခါ (အသင်ပြောလိုက်ပါ) အမှန်စင်စစ်ငါအရှင်မြတ်သည်(သူတို့နှင့်) နီးကပ်စွာ ပင်ရှိတော်မူသည်။ငါအရှင်မြတ်သည်ဆုတောင်း ဒုအာအ်ပြုသူ၏ ဆုတောင်းဒုအာအ်ကို ထိုသူငါအရှင်မြတ်ထံတွင်ဆုတောင်းသည့်အခါလက်ခံတော်မူသည်။”

 ဒါကြောင့် ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى) ကို ခေါ်ဆိုတောင်းဆုပြုတဲ့အခါ၊ အလ္လာဟ် (سبحانه وتعالى)သည် ကျွန်မတို့နဲ့ နီးကပ်နေတယ် – ဒါဟာ ပထမဆုံး ဆုလာဘ်ပါ။ ဒုတိယဆုလာဘ်က အလ္လာဟ် (سبحانه وتعالى)သည် ကျွန်မတို့ရဲ့ ခေါ်ဆိုမှုကို ကျွန်မတို့နဲ့ ကိုက်ညီပြီး၊ ကျွန်မတို့အတွက် အကောင်းဆုံးဖြစ်တဲ့ နည်းလမ်းနဲ့ ဖြေကြားပေးတာပါ၊ ကျွန်မတို့ရဲ့ ပစ္စုပ္ပန်ဘဝနဲ့ နောင်တမလွန်ဘဝအတွက် အကျိုးရှိပြီး ကျွန်မတို့ရဲ့ တတ်နိုင်တဲ့ဘောင်အတွင်းက ပိုဆိုးတဲ့ အခြေအနေထဲ ရောက်မသွားအောင် ဖြေကြားပေးပါတယ်။

فَلْيَسْتَجِيبُوا لِي وَلْيُؤْمِنُوا بِي لَعَلَّهُمْ يَرْشُدُونَ

 “သူတို့သည် ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းမှန်ကို ရရှိလိုက်နာကြရန်အတွက် သူတို့သည်ငါအရှင်မြတ်၏အမိန့်တော်များကိုလက်ခံပြီး ငါအရှင်မြတ်ကိုသာယုံကြည်ကြရမည်။” တမန်တော်မြတ် (صلى الله عليه وسلم)က “အလ္လာဟ် (سبحانه وتعالى)ရဲ့ ရက်ရောတတ်ခြင်းမှ တောင်းခံမှုပြုကြပါ၊ အဘယ်ကြောင့်ဆိုသော် အသင်သည် တောင်းဆိုခံရခြင်းကို နှစ်သက်တော်မူတဲ့ အရှင်သခင်ကို ပိုင်ဆိုင်ထားရလို့ပါ” ဟု မိန့်ကြားခဲ့ပါတယ်။

 ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အရှင့်မြတ်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် တောင်းဆုဒုအာအ်တောင်းခံခြင်းတွင် ကျွန်မတို့၏ နှုတ်၊လျှာနဲ့ နှလုံးသားမှ စိတ်ရင်းမှန်နှင့် တောင်းဆုပြုနိုင်ကြသူများပြီး အရှင်မြတ်နှင့် နီးကပ်သူများအဖြစ် ပါဝင်ခွင့်ရနိုင်ကြဖို့ လက်ခံပေးသနားတော်မူပါ။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ကောင်းကင်တမန်တို့၏ ချီးမွမ်းခြင်း အလ္လာဟ် ချစ်မြတ်နိုးသော… ကြိုးစားနေကြသူများ