အိဟ်ဇန် (iḥsan)(အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်း) က ကျွန်မတို့ကို အလ္လာဟ် (سبحانه وتعالى)ရဲ့ ချစ်ခြင်းမေတ္တာ ပိုမိုရရှိဖို့ လမ်းဖွင့်ပေးပါတယ်။ ကျွန်မတို့ကို ထူးခြားတဲ့ လူသားတစ်ဦးလည်း ဖြစ်စေပါတယ်၊ အကြောင်းကတော့ ကျွန်မတို့ဟာ ပိုမိုမြင့်မားတဲ့ အဆင့်ကနေ အလ္လာဟ် (سبحانه وتعالى)ကို ကိုးကွယ်ဖို့ ကိုယ်တိုင်ရွေးချယ်နေလို့ပါပဲ။ အီမမ်မ် ဟာစန် အလ်-ဘာဆရီ (رحمه الله) က ဒီအကြောင်းကို အဓိပ္ပါယ်ပြည့်ဝစွာ ရှင်းပြခဲ့ပါတယ်….အလ္လာဟ် (سبحانه وتعالى)သည် လူသားတစ်ဦးအား အလ္လာဟ် (سبحانه وتعالى)ရဲ့ အမြင်မှာ ကောင်းကင်တမန်တစ်ပါးထက်တောင် ပိုမြင့်တဲ့အဆင့်ကို ရောက်ရှိခွင့် ပေးတော်မူနိုင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်တမန်တစ်ပါးဟာ အလ္လာဟ် (سبحانه وتعالى)ကို နာခံဖို့ ရွေးချယ်ခွင့် မရှိတာမို့ပါ။ ဒါပေမယ့် လူသားတစ်ဦးက နာခံမှုကို ကျော်လွန်ပြီး မိမိဆန္ဒအလျောက် အလ္လာဟ် (سبحانه وتعالى)ကို ချီးမွမ်းဖို့၊ ချစ်ဖို့၊ ကိုးကွယ်ဖို့ ရွေးချယ်နိုင်ပါတယ်။ ကျွန်မတို့ဟာ ဒီလို အလ္လာဟ် (سبحانه وتعالى)ရဲ့ အမြင်မှာ ကိုယ့်ကိုယ်ကို ထူးခြားသောသူအဖြစ် သက်သေပြတဲ့အခါ ရလဒ်အနေနဲ့ ဂျန္နဟ်ထဲမှာ ပိုမိုမြင့်မားတဲ့ နေရာကို ရရှိနိုင်ပါတယ်။
တမန်တော်မြတ် (ﷺ)သည် ကိုယ်တော်ရဲ့ ဆွဟာဘာဟ်တစ်ဦးက အလ္လာဟ် (سبحانه وتعالى)ကို ဂုဏ်တော်များနဲ့ ချီးမွမ်းနေတဲ့အခါ “ချီးမွမ်းတာကို ပိုတိုးပြီး လုပ်ပါ၊ အကြောင်းကတော့ إِنَّ رَبَّكَ يُحِبُّ الْحَمْدَ အသင့်ရဲ့ ထာဝရအရှင်သခင်က ချီးမွမ်းခံရတာကို ချစ်မြတ်နိုးတော်မူလို့ပါ” လို့ မိန့်ကြားခဲ့ပါတယ်။
နောက်ထပ် ဟဒီးဆ်တော်တစ်ခုမှာတော့ အဗူဇာရ် (رضي الله عنه) က တမန်တော်မြတ် (ﷺ)ကို “အလ္လာဟ် (سبحانه وتعالى) ချစ်မြတ်နိုးမှုအရှိဆုံးသော စကားလုံးတွေက ဘာတွေလဲ” လို့ မေးခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ)က “سُبْحَانَ اللهِ وَبِحَمْدِهِ ကိုယ်တော်ရဲ့ အရှင်သခင်သည် လှပစင်ကြယ်စွာဖြင့် ပြီးပြည့်စုံတော်မူသည်၊ ကိုယ်တော်ရဲ့အရှင်သည် ချီးမွမ်းခြင်း ခံယူထိုက်တော်မူသည်” ဟု မိန့်ဆိုခဲ့ပါတယ်။
ကျွန်မတို့က سُبْحَانَ اللهِ လို့ ပြောလိုက်ခြင်းသည် အလ္လာဟ် (سبحانه وتعالى)၏ ပြီးပြည့်စုံမှုရှိခြင်းကို ချီးမွမ်းခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့က اَلْحَمْدُ لِلهِ လို့ ပြောတဲ့အခါမှာတော့ ချီးမွမ်းခြင်းနဲ့ ကျေးဇူးတင်ခြင်းဆိုတဲ့ thanā’ နဲ့ shukr အချက်တွေ ပါဝင်သွားပါတယ်။ ဒါ့ကြောင့် سُبْحَانَ اللهِ وَبِحَمْدِهِ ဆိုတာဟာ အမှန်တကယ်ပဲ အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းခြင်းမှာ အလ္လာဟ် (سبحانه وتعالى)ရဲ့ ပြီးပြည့်စုံခြင်းနဲ့ ကျွန်မတို့ရဲ့ မပြည့်စုံခြင်းကို ထုတ်ဖော်ပြောဆိုရင်း၊ အလ္လာဟ် (سبحانه وتعالى)၏ ပြီးပြည့်စုံခြင်းနဲ့ ကျွန်မတို့ရဲ့ မပြည့်စုံခြင်းတို့ကို ထောက်ရှု၍ ကျေးဇူးတင်ခြင်းနဲ့ ချီးမွမ်းခြင်းကို ထုတ်ဖော်လိုက်တာလည်း ဖြစ်ပါတယ်။
တတိယဟဒီးဆ်တော်က စကားလုံးတူတွေ သုံးထားသော်လည်း အလွန်လှပပြီး အဓိပ္ပါယ်ကောင်းမွန်တဲ့ သတင်းစကားတစ်ခုကို ပေးအပ်ထားပါတယ်။ အဗူဇာရ် (رضي الله عنه)က တမန်တော်မြတ် (ﷺ)ကို “အလ္လာဟ် (سبحانه وتعالى)ရဲ့ အမြင်မှာ ချစ်မြတ်နိုးမှုအရှိဆုံးသော စကားလုံးတွေက ဘာတွေလဲ” လို့ မေးခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ)က اّلذِي اصْطَفاهُ لِمَلائِكَتِهِ “အရှင်မြတ်ရဲ့ ကောင်းကင်တမန်များအတွက် ရွေးချယ်ထားတဲ့ စကားလုံးတွေပါ” လို့ ဖြေပြီး سُبْحَانَ اللهِ وَبِحَمْدِهِ ، سُبْحَانَ اللهِ الْعَظِيمِ “ကိုယ်တော်ရဲ့ အရှင်သခင်သည် လှပစင်ကြယ်စွာဖြင့် ပြီးပြည့်စုံတော်မူသည်၊ ကိုယ်တော်ရဲ့အရှင်သည် ချီးမွမ်းခြင်း ခံယူထိုက်တော်မူသည်၊ ကိုယ်တော်ရဲ့ အနန္တဘုန်းတန်းခိုးနဲ့ ပြည့်စုံတော်မူသောအရှင်သခင်သည် အလုံးစုံ ပြီးပြည့်စုံမှုရှိသည်” ဟု ပြန်လည် ဖြေဆိုခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ)က “အလ္လာဟ် (سبحانه وتعالى)သည် ကောင်းကင်တမန်များအား အရှင်မြတ်ကို ချီးမွမ်းဖို့ ဒီစကားလုံးတွေကို ရွေးချယ်ပေးထားတာပါ” လို့ မိန့်ကြားခဲ့ပြီး ထိုအတွက်ကြောင့်ပဲ ဒီစကားလုံးတွေဟာ ချစ်မြတ်နိုးမှုအရှိဆုံးသော စကားလုံးတွေပဲ ဖြစ်ပါတော့တယ်။
ကျွန်မတို့က ကောင်းကင်တမန်တွေထက် ပိုမြင့်မားတဲ့အဆင့်ကို ရောက်ရှိလာတဲ့အခါ၊ စိတ်ရင်းနဲ့နှလုံးသွင်းပြီး အလ္လာဟ် (سبحانه وتعالى)ကို ဒီစကားလုံးတွေနဲ့ ချီးမွမ်းဖို့ ရွေးချယ်လိုက်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့ အပြုအမူတွေနဲ့ အလ္လာဟ် (سبحانه وتعالى)ရဲ့ ချစ်ခြင်းမေတ္တာကို လိုလိုလားလားတောင့်တရှာဖွေတဲ့အခါမှာ ထင်ဟပ်ပြီး ထူးခြားတဲ့အဆင့်ကို ရရှိစပြုလာပါလိမ့်မယ်။
တမန်တော်မြတ် (ﷺ)က كَلِمَتَانِ حَبِيبَتَانِ إِلَى الرَّحْمَنِ “ဒီစကားနှစ်ခွန်းဟာ အလွန်တရာ သနားကြင်နာတော်မူတဲ့ အရှင်သခင်အတွက် အချစ်ဆုံးဖြစ်တယ်” လို့ မိန့်ကြားခဲ့ပါတယ်။ خَفِيفَتَانِ عَلَى اللَّسَانِ ، ثَقِيلَتَانِ فِي المِيزَانِ ، سُبْحَانَ اللهِ وَبِحَمْدِهِ ، سُبْحَانَ اللهِ العَظِيمِ “ဒီစကားတွေဟာ လျှာပေါ်မှာ ပေါ့ပါးပေမယ့် ချိန်ခွင်မှာတော့ အလေးချိန်ထိုးနေပါတယ်၊ ဒါကတော့ ‘ကျွန်ုပ်ရဲ့ အရှင်သခင်သည် လှပစင်ကြယ်စွာဖြင့် ပြီးပြည့်စုံတော်မူသည်၊ ကျွန်ုပ်ရဲ့အရှင်သည် ချီးမွမ်းခြင်း ခံယူထိုက်တော်မူသည်၊ ကျွန်ုပ်ရဲ့ အနန္တဘုန်းတန်းခိုးနဲ့ ပြည့်စုံတော်မူသောအရှင်သခင်သည် အလုံးစုံ ပြီးပြည့်စုံမှုရှိသည်’ ဆိုတဲ့ စကားတွေပါ။” ဒီဖော်ပြချက်က အိဟ်ဇန် (iḥsan)(အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်း)အတွက် ကြိုးပမ်းမှုနဲ့ ကိုက်ညီတဲ့ ဖော်ပြချက်ပါ။ ကျွန်မတို့ဟာ အလွန်တရာ သနားကြင်နာတော်မူတဲ့ အရှင်သခင်အတွက် အချစ်ဆုံးစကားနှစ်ခုကို အမြဲမပြတ်ရွတ်ဆိုနေသင့်ပြီး အလ္လာဟ် (سبحانه وتعالى)ကို စဉ်ဆက်မပြတ် ချီးမွမ်းဖို့ ကြိုးစားသင့်ပါတယ်။
ကျွန်မတို့တွေသည် အလ္လာဟ် (سبحانه وتعالى) ၏ ဂုဏ်ကျေးဇူးကိုမပြတ်ချီးမွမ်းနေပြီး အလ္လာဟ် (سبحانه وتعالى) ၏ ပြီးပြည့်စုံမှုကို သိနားလည်ကာ လက်တွေ့ဘဝတွင်လည်း တာဝန်ဝတ္တရားများကို ပြီးပြည့်စုံစွာ ထမ်းဆောင်နေသည့် လူသားများအဖြစ် အလ္လာဟ် (سبحانه وتعالى) ၏ ရှေ့တော်မှောက်တွင် အရှင်မြတ်၏ ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်နိုင်သူများအဖြစ် နေထိုင်ကြဖို့ အလ္လာဟ် (سبحانه وتعالى) ထံတော်မှာ ဆုမွန်ကောင်း ဒုအာအ်မှန်မှန်ပြုကြပါစို့။ အာမီန်း။