အစ္စလာမ်အကြောင်းလေ့လာသင်ယူခြင်း အလေ့အကျင့်။
မနေ့က ကျွန်မတို့ “Seeking Knowledge” (ပညာသင်ယူလေ့လာခြင်း) အလေ့အကျင့်အကြောင်း ပြောခဲ့ပါတယ်။
ကျွန်မဆိုလိုတဲ့ပညာသင်ယူခြင်းဆိုတာ လူသားအားလုံးကို အကျိုးပြုစေမဲ့ ဘယ်လို အသိပညာကို ဖြစ်စေ လေ့လာသင်ယူခြင်းကို ဆိုလိုတာပါ။
ဒီနေ့အလေ့အကျင့်အနေနဲ့ကတော့ အစ္စလာမ့်အသိပညာကိုရှာဖွေဆည်ပူးခြင်း တစ်နည်းအားဖြင့် မိမိယုံကြည်ကိုးကွယ်ရာဘာသာ၊ သာသနာ ကို လေ့လာသင်ယူခြင်း ပဲ ဖြစ်ပါတယ်။
မွတ်စ်လင်မ်တိုင်းသည် ကျွန်မ/ကျွန်တော်တို့ သက်ဝင်ယုံကြည်မှုကို ဖော်ဆောင်ပေးတဲ့ အကြောင်းအရာအားလုံးရဲ့ ယေဘုယျအသိပညာ ရှိကိုရှိရပါမယ်။
ကျွန်မတို့ ကိုးကွယ်ယုံကြည်တဲ့ ဖန်ဆင်းရှင် ကို ရှင်းလင်းတိကျစွာ နားလည်နိုင်စွမ်း ရှိသင့်သလို ကျွန်မတို့ရဲ့ချစ်လှစွာသော တမန်တော်မြတ် (ﷺ)၏ ဘဝဇာတ်ကြောင်း၊ ကျွန်မတို့ သက်ဝင်ယုံကြည်နေတဲ့ ကျွန်မတို့ရဲ့ ဘာသာ အကြောင်းကို ပါ နားလည်ထားသင့်ပါတယ်။
ပြောစရာမလိုအောင်ပဲ ကျွန်မတို့တွေဟာ အခြေခံကျလှတဲ့ ဒီလိုအကြောင်းအရာတွေကို လေ့လာသင်ယူဖို့ ကိုယ်စွမ်းနိုင်သလောက် ကြိုးစားအားထုတ်သင့်ပါတယ်။
ဒီလိုအချက်တွေအပြင် မွတ်စ်လင်မ်တွေသည် အစ္စလာမ့်ဥပဒေများ သိနားလည်ဖို့လည်းလိုပါတယ်။ ( အထူးသဖြင့် fiqh al-Ibadat လို့ ခေါ်တဲ့ ခဝပ်ကိုးကွယ်မှုပြုလုပ်ခြင်း အပြုအမှု တိုင်း (the acts of worship)ကို သိနားလည်မှု ရှိနေဖို့လိုပါတယ်)
ဒီ fiqh al-Ibadat နယ်ပယ်ဟာ ကျွန်မတို့ တစ်ဦးချင်းစီပြုလုပ်နေကြ နမာဇ်၊ ဇကားဒ်၊ ရိုဇာစောင့်ခြင်းနှင့် ဟဂျ်ဝတ်ပြုခြင်း အစရှိသည့် ကိုးကွယ်မှုပြုသည့်အလေ့အကျင့်တိုင်းကို မှန်မှန်ကန်ကန် ပြုလုပ်တတ်ဖို့ လိုအပ်တဲ့ ကိုးကွယ်ဝတ်ပြုခြင်းနှင့် ပတ်သက်တဲ့ အကြောင်းအရာ အားလုံး အကြောင်း ပါဝင်နေပါတယ်။
ဒါ့အပြင် လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်း နှင့် ကလေးငယ်တို့ရေး ပညာရေး အစရှိသည့် မိသားစုအရေး နှင့် သက်ဆိုင်တဲ့ ဥပဒေတွေအပါအဝင် ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ချေးငှားယူခြင်းနှင့် ငှားရမ်းခြင်း အစရှိတဲ့ စီးပွားကူးသန်းရောင်းဝယ်ရေး ကို ထောက်ကူပေးနေတဲ့ ဥပဒေတွေကိုပါ သိရှိနားလည်ထားသင့်ပါတယ်။
ဒါတွေအကုန်ပဲလားဆိုရင်လည်း မဟုတ်သေးပါဘူး။ ပညာဆိုတာကျွန်မတို့ ရှာဖွေလေ တွေ့ရှိလေ ဖြစ်တဲ့ ရတနာ ပဲ ဖြစ်တဲ့အလျောက် ကိုယ်သိထားတဲ့ ပညာတွေကိုလည်း ထပ်ပြီးတိုးပွားအောင် လေ့လာပါ၊ မသိသေးတာတွေကိုလည်း သင်ယူပါလို့ အကြံပြုရင်း ဒီ အစ္စလာမ့်ပညာလေ့လာခြင်း အလေ့အကျင့်လေးကို လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပါရစေနော်။