Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…အိဟ်ဇန် (iḥsan)

အလ္လာဟ် (سبحانه وتعالى) မျက်မှောက်တော်၌ ချီးမွမ်းအခံရဆုံးသော အဆင့်နေရာ၊ တမန်တော်မြတ်(ﷺ) ၏ ထင်ရှားပေါ်လွင်ဆုံးသော အရည်အသွေးမှာ အိဟ်ဇန် (iḥsan) (အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်း) ဆိုတဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ သက္ကဝါဟာ iḥsan ဆီသို့ သွားရာလမ်းတစ်ခုပါ။

 တမန်တော်မြတ်(ﷺ) က အိဟ်ဇန် (iḥsan)ကို “အသင်သည် အလ္လာဟ် (سبحانه وتعالى)ကို မြင်နေရသကဲ့သို့ ဝတ်ပြုကိုးကွယ်ခြင်း၊ အလ္လာဟ် (سبحانه وتعالى)ကို မမြင်နိုင်သော်လည်း အလ္လာဟ် (سبحانه وتعالى)သည် အသင်တို့ကို မြင်နေသည်ဟု သိလျက် ဝတ်ပြုကိုးကွယ်ခြင်း” ဟု ဖော်ပြခဲ့ပါတယ်။ ပထမဆုံးအပိုင်းမှာ Umar ibn ʿAbd al-ʿAzīz (رضي الله عنه) ပြောခဲ့တဲ့ စကားကို သတိရကြည့်ပါ။ ဆွဟာဘာဟ်ကြီးက သက္ကဝါအား လူတစ်ယောက်က အပြစ်တွေကို စွန့်လွှတ်ခြင်းအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပြီး၊ ထိုသို့စွန့်လွှတ်ခြင်းထက် သာလွန်သည့်အရာအားလုံး – ဥပမာ တစ်နေ့တာလုံး စွောင်မ် ရိုဇာထားခြင်း (သို့) ညဥ့်နက်တဲ့အထိ ဝတ်ပြုဆုတောင်းခြင်း စတာတွေဟာ အိဟ်ဇန် (iḥsan) (အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်း) ရဲ့ ပုံစံတွေပဲ ဖြစ်ကြပါတယ်။

ဒီလိုအရည်အသွေးကောင်းတွေ အတူတကွ ဘယ်လိုပုံစံဖော်ဆောင်နေကြသလဲ။

သက္ကဝါဆိုတာ ကျွန်မတို့အားလုံးက အလ္လာဟ် (سبحانه وتعالى)သည် အရာခပ်သိမ်းကို မြင်နိုင်စွမ်းရှိခြင်းကို သတိတရရှိနေခြင်း ဖြစ်ပြီး အလ္လာဟ် (سبحانه وتعالى) ရဲ့ ချစ်ခြင်းမေတ္တာကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုအရာမျိုးကိုမှ မလုပ်ဖို့ တားဆီခံထားနေရခြင်းပဲ ဖြစ်ပါတယ်။

အိဟ်ဇန် (iḥsan) ကတော့ ကျွန်မတို့အပေါ် အလ္လာဟ် (سبحانه وتعالى)ရဲ့ အမြင်အား ပိုမိုဂုဏ်ကျက်သရေမြှင့်တင်ပေးနိုင်ဖို့ဖြစ်ပြီး ကျွန်မတို့ကို အလ္လာဟ် (سبحانه وتعالى)ထံမှ အပိုဆောင်း ချစ်ခြင်းမေတ္တာ ရယူနိုင်ဖို့ အားပေးနေပါတယ်။ အိဟ်ဇန် (iḥsan) သည် ကျွန်မတို့၏ ဝတ္တရားကျေပွန်စွာဆောင်ရွက်မှုများကို ပိုမိုတင့်တယ်စေပြီး ကျွန်မတို့ မမျှော်မှန်းထားသည်အထိ ပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ကာ ကျွန်မတို့ကိုယ်ကို ပိုမိုမြင့်မားသည့် စံနှုန်းများအထိ ထိန်းသိမ်းထားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ ပုံမှန်လူတွေ ဖြစ်ချင်ကြရုံဘဲ မဟုတ်နေလို့ပါ။ အလ္လာဟ် (سبحانه وتعالى)ကို ရိုးရိုးသာမန် ချစ်မြတ်နိုးရုံ မဟုတ်ဘဲ – ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى)ကို “အချစ်ကြီးချစ်” ချင်ကြတယ်။ ကျွန်မတို့ဟာ ဝတ္တရားကျေပွန်ရုံနဲ့ ကျေနပ်ချင်တာ မဟုတ်ဘဲ၊ ပိုပိုပြီး လုပ်ချင်တယ်၊ ထူးခြားထင်ရှားသွားသည်အထိ ဆက်လုပ်ချင်ကြတယ်၊ ပြီးတော့ အလ္လာဟ် (سبحانه وتعالى)ရဲ့ အထူးချစ်ခင်မှုကို ခံရတဲ့သူတွေ ဖြစ်လာချင်ကြတယ်။

 အလ္လာဟ် (سبحانه وتعالى)သည် ကုရ်အာန်ကျမ်းမြတ်တစ်လျှောက်လုံးတွင် သက္ကဝါကို ချစ်မြတ်နိုးသလိုပင်၊ တန်းတူနီးပါးဖြင့် “အလ္လာဟ်သည် ကောင်းမှုပြုသူများ (အလ်-မုဟ်စိနီးန်) ကို ချစ်မြတ်နိုးသည်” ဟု ဖော်ပြထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်နဲ့ တမန်တော်မြတ် (ﷺ) ရဲ့ စွန္နဟ်တွေမှာ အိဟ်ဇန် (iḥsan) ကို ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى)နဲ့ ဘယ်လိုဆက်ဆံသလဲ၊ ကျွန်မတို့ အခြားလူတွေနဲ့ ဘယ်လိုဆက်ဆံသလဲ ဆိုတဲ့ ပုံစံ နှစ်မျိုးစလုံး အဖြစ် ဖော်ပြထားပါတယ်။

 အလ္လာဟ် (سبحانه وتعالى)နဲ့ ပတ်သက်လာရင်၊ ကျွန်မတို့ဟာ တာဝန်ဝတ္တရားတွေကို ကျော်လွန်ပြီးတော့ ဆန္ဒအလျောက် ပြုလုပ်တတ်ကြပါတယ်။ ကျွန်မတို့ဟာ ပတ်ဝန်းကျင်က လူတွေကို မကြည့်နေတော့သလို အခြားလူတွေက ကျွန်မတို့ကို ကြည့်နေလား မကြည့်နေလားလို့လည်း မစဉ်းစားကြတော့ပါဘူး။ ကျွန်မတို့အပေါ် အလ္လာဟ် (سبحانه وتعالى)ရဲ့ အမြင်တစ်ခုတည်းကိုသာ အမြဲအာရုံစိုက်လေ့ရှိကြပါတယ်။ ဒါက ကျွန်မတို့ဟာ လူမှုရေးအရ အသိအမှတ်ပြုခံရမှုထက် ကျွန်မတို့ရဲ့ ကောင်းမှုတွေကို ဘယ်လို ကောင်းသထက်ကောင်းအောင် ပြုလုပ်နေသလဲ ဆိုတာတွေမှာ ပေါ်လွင်ထင်ရှားစွာ သိမြင်နိုင်ပါတယ်။

 လူတွေနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးမှာ ဘယ်လိုပေါ်လွင်ထင်ရှားလာသလဲဆိုတာကို ရှင်းပြရရင်၊ အလ္လာဟ် (سبحانه وتعالى)သည် ကျွန်မတို့ အမှန်တကယ် ကြုံတွေ့ရတဲ့ အခြေအနေမျိုးစုံမှာ အိဟ်ဇန် (iḥsan) အကြောင်း ပြောကြားထားပါတယ်။

 အဆင်ပြေချိန်မှာရော ခက်ခဲကျပ်တည်းချိန်မှာပါ ပေးကမ်းစွန့်ကြဲကျသူများ( الَّذِينَ يُنْفِقُونَ فِي السَّرَّاءِ وَالضَّرَّاءِ) – လူတစ်ယောက်ဟာ အဆင်ပြေချိန်မှာ ဇကားသ်အတွက် သတ်မှတ်ထားတဲ့ပမာဏထက် ပိုပြီး ပေးကမ်းတတ်ကြတယ်၊ မဖြစ်မနေပေးရမဲ့ ပမာဏထက်ကို ကျော်လွန်ပြီး ပေးတတ်ကြတယ်။ သူတို့ဟာ လက်နဲ့နှလုံးသားကို ဖွင့်ထားပြီး ဆက်တိုက် ဒါနပြုကြတယ်။ ခက်ခဲကျပ်တည်းချိန်တွေမှာလည်း – အကယ်၍များ သူတို့ဟာ အလ္လာဟ် (سبحانه وتعالى)ထံတော်မှ ဝေးကွာနေတာပဲဖြစ်စေ၊ ထောက်ပံ့မှုတွေကနေ ရပ်ဆိုင်းသင့်တဲ့အရာတွေကို လုပ်နေပင်လုပ်နေပါစေ၊ အလ္လာဟ် (سبحانه وتعالى)ဟာ သူတို့အတွက် ထောက်ပံ့ပေးတာ ရပ်လိုက်စေချင်မှာ မဟုတ်သလိုပဲ – သူတို့လည်း ဘယ်သူကမှ မမျှော်လင့်ထားတော့တဲ့အခါတောင်၊ ခက်ခဲကျပ်တည်းချိန်တွေမှာတောင် ဆက်ပြီး ပေးကမ်းတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အလ္လာဟ် (سبحانه وتعالى)သည် ထောက်ပံ့ပေးသည့်အရှင်သခင် ဖြစ်ပြီး အလ္လာဟ် (سبحانه وتعالى) အတွက် ရည်စူးကာ ပေးကမ်းခြင်းက လွန်စွာအဖိုးတန်ကြောင်း နားလည်ထားကြလို့ပါပဲ။ ထိုကဲ့သို့ အလ္လာဟ် (سبحانه وتعالى)အတွက် ပေးကမ်းခြင်းကြောင့်လည်း ဘယ်လိုလူတစ်ယောက်ကမျှ ဆင်းရဲသွားမှာ မဟုတ်ပါဘူး။

 ဒေါသကို ထိန်းချုပ်နိုင်သူများ ( وَالْكَاظِمِينَ الْغَيْظَ) – သူတို့ရဲ့ အမျက်ဒေါသဟာ မှန်ကန်ကြောင်း အထောက်အထားရှိနေပင်ရှိနေသော်လည်း သူတို့ဒေါသကို မြိုသိပ်ထားတတ်ကြတယ်။ သူတို့ဟာ ဒေါသထွက်နေချိန်မှာ ဟရမ်ဖြစ်တဲ့ (တားမြစ်ထားတဲ့) အရာတွေကို ရှောင်ရုံတင်မကဘဲ၊ သူတို့ရဲ့ ဒေါသကို ကောင်းတဲ့အရာတွေအတွက်သာ အသုံးပြုနိုင်ဖို့ မြိုသိပ်ထားခြင်းကိုလည်း သေချာမှုရှိစေပါတယ်။ သူတို့ဟာ အသေးအဖွဲများအတွက် ဒေါသကိုမသုံးကြပါဘူး။ အလ္လာဟ် (سبحانه وتعالى) မနှစ်မြို့စေတဲ့ အရာတွေအတွက်လည်း ဒေါသကို မသုံးကြပါဘူး။ အလ္လာဟ် (سبحانه وتعالى)က သူတို့ဆီက ဒေါသကို ဖယ်ရှားပေးစေလိုတဲ့အတွက် အဲ့ဒီဒေါသကို ကျိုးကြောင်းဆီလျော်တဲ့နေရာမှာတောင် ထိန်းချုပ်ထားတတ်ကြပါတယ်။

 လူတို့ကို ခွင့်လွှတ်ပေးတတ်ကြသူများ ( وَالْعَـافِينَ عَنِ النَّاسِ ) – ပြီးတော့ ထိုသူတို့က မှန်ကန်နေကြရင်တောင်မှ လူတွေကို ခွင့်လွှတ်ပေးတတ်ကြပါတယ်။ အစ္စလာမ်က လူတစ်ယောက်အား သူ့ဆီမှ မတရားသိမ်းယူခံရသောအရာကို ပြန်ယူပိုင်ခွင့် သတ်မှတ်ပေးထားပါတယ်၊ တရားမျှတကို ခံစားသိရှိနိုင်ဖို့ပါ။ တရားမျှတမှုဟာ လူမှုရေးစံနှုန်းတစ်ခုဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးအရ သာလွန်ကောင်းမွန်သူများဖြစ်နိုင်ဖို့ တရားမျှတမှုကို ရပြီးတဲ့အခါ၊ ထိုသူတို့ဟာ ခွင့်လွှတ်ရန်၊ ကရုဏာတရားကိုပြသရန်နဲ့ သည်းခံရန် ရွေးချယ်ကြပါတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ အလ္လာဟ် (سبحانه وتعالى)ထံမှ ရှာဖွေတဲ့အရာဖြစ်လို့ပါ၊ ဒါဟာ အိဟ်ဇန် (iḥsan) ပါ။ အလ္လာဟ် (سبحانه وتعالى)မှ အမိန့်ရှိတော်မူခဲ့ပါတယ်- أَلَا تُحِبُّونَ أَن يَغْفِرَ اللهُ لَكُمْ (အလ္လာဟ်အရှင်သည် အသင်တို့ကို ခွင့်လွှတ်ပေးဖို့ အသင်တို့ မလိုလားကြဘူးလား) အထူးသဖြင့် ခွင့်လွှတ်ခြင်းက သင်တို့နဲ့ မထိုက်တန်ဘူးဟု စဉ်းစားမိသည့်အခါတိုင်းမှာပေါ့။

 “အိဟ်ဇန် (iḥsan) ဆိုသည်မှာ ကျွန်မတို့၏ လုပ်ဆောင်မှုတိုင်းတွင် အလ္လာဟ် (سبحانه وتعالى)၏ ချစ်ခြင်းမေတ္တာကို မြင်နိုင်ပြီး ဆက်ဆံရေးအားလုံးမှတဆင့် အလ္လာဟ်၏ မေတ္တာကို ပိုမိုရရှိရန် ရည်ရွယ်ခြင်းပင်ဖြစ်သည်။”

 အလ္လာဟ် (سبحانه وتعالى)သည် ကုရ်အာန်ကျမ်းမြတ်တွင် စိတ်ဝိညာဉ် သုံးမျိုးကို ဖော်ပြထားသည် –

  • ပထမမှာ إِنَّ النَّفْسَ لَأمَّارَةٌ بِالسُّوءِ (ဧကန်မှန်စွာ စိတ်ဝိညာဉ်သည် မိမိကိုယ်ကို မကောင်းမှုနှင့် အမိန့်ပေးသည်)၊ မကောင်းမှုကို ကျူးလွန်ရာတွင် ပျော်မွေ့သော ဝိညာဉ်ဖြစ်သည်။
  • ဒုတိယကတော့ တာဝန်ယူမှုရှိသော စိတ်ဝိညာဉ်ဖြစ်တယ် – النَّفْسُ اللَوَّامَةُ (ကိုယ့်ကိုယ်ကို အပြစ်တင်တတ်သော ဝိညာဉ်)၊ ဒါဟာ သက္ကဝါရဲ့ ကိုယ်ပိုင်ဝိညာဉ်ဖြစ်ပါတယ်၊ ကိုယ့်ကိုယ်ကို တာဝန်ခံစေခြင်း၊ အလ္လာဟ် (سبحانه وتعالى)ရဲ့ ချစ်ခြင်းမေတ္တာကို မရထိုက်တဲ့ ဘယ်လိုအရာမျိုးကိုမှ မလုပ်ဖို့ ကြိုးစားခြင်းတို့ ဖြစ်ပါတယ်။
  • တတိယမှာ – النَّفْسُ المُطْمَئِنَةُ (စိတ်ချမ်းသာမှုရရှိသော ဝိညာဉ်)၊ အလ္လာဟ် (سبحانه وتعالى)နှင့်အတူ ငြိမ်းချမ်းနေသော ဝိညာဉ်၊ ဒါဟာ အိဟ်ဇန် (iḥsan) ရဲ့ ကိုယ်ပိုင်ဝိညာဉ်ဖြစ်ပါတယ်၊ ဒါဟာ ထူးခြားတဲ့သူတစ်ယောက်ရဲ့ ဝိညာဉ်ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ အရှင်သခင်ရဲ့ မျက်နှာသာပေးမှုနဲ့ ငြိမ်းချမ်းနေကြပြီး၊ ဘဝမှာ အဆင်မပြေတဲ့ အခြေအနေတွေမှာတောင် ဖန်ဆင်းရှင်ရဲ့ မျက်နှာသာပေးမှုကို အမြဲရှာဖွေနေကြလို့ပဲ ဖြစ်ပါတယ်။

 ကျွန်မတို့အား muhsinīn (ထူးကဲသောကောင်းမှုပြုသူများ) ထဲမှ ဖြစ်စေတော်မူပါ။ အလ္လာဟ် (سبحانه وتعالى)၏ ကျေးဇူးတော်များ၊ ကောင်းချီးခံရမှုများနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်ပြီး ကေယာမဟ်နေ့တွင် မျက်နှာသာပေးခံရသူများအဖြစ် ပါဝင်ခွင့်ရကာ အခြားသော အရာများမတိုင်မီ အရှင်မြတ်၏ ချစ်ခြင်းမေတ္တာတော်အားဖြင့် တွန်းအားပေးခြင်းခံရသူများအထဲတွင် ပါဝင်ခွင့်ရရှိစေနိုင်ရန် ဆုမွန် ကောင်း ဒုအာအ် ပြုပါသည်။ အာမီန်း။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…နောင်တတရား အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ကောင်းကင်တမန်တို့၏ ချီးမွမ်းခြင်း