Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ယုံကြည်မှု

လူအများစု အလ္လာဟ် (سبحانه وتعالى) ဘက်သို့ ပြန်လှည့်ရာခရီးလမ်းမှာ စိတ်ပျက်အားငယ်သွားတဲ့ အကြောင်းရင်းတစ်ခုက အလ္လာဟ် (سبحانه وتعالى) အား ယုံကြည်အားထားမှု ရပ်တန့်သွားတဲ့အခါမှာပဲ ဖြစ်ပါတယ်။ ထိုသူတို့ဟာ ဒုအာအ်လည်းလုပ်၊ သောင်ဗဟ်လည်းပြုခဲ့သော်လည်း သူတို့ဘဝမှာ အရာအားလုံး ထိန်းချုပ်မရ ဖြစ်လာတယ်လို့ ခံစားလာကြတယ်။ သူတို့ကိုယ်သူတို့ ပြောကောင်းပြောမိနိုင်တာက “ကျွန်တော်/မ ဒုအာအ်လည်းတောင်းခဲ့တယ်၊ နောင်တလည်းရခဲ့တယ်၊ အလ္လာဟ် (سبحانه وتعالى) နဲ့ နီးကပ်ဖို့လည်း ကြိုးစားခဲ့တယ်၊ ဒါပေမယ့် အရာအားလုံး အဆင်မပြေဖြစ်နေတယ်”။ အရာအားလုံး အဆင်မပြေဖြစ်လာတဲ့အခါ သူတို့ ဒုအာအ်တွေရဲ့ အနှစ်သာရကို သံသယဖြစ်လာကြတယ်။ သူတို့ရဲ့ သောင်ဗဟ်ကို အလ္လာဟ် (سبحانه وتعالى) လက်ခံခဲ့လား၊ နောင်တတရားကို လက်ခံခဲ့လားဆိုတာ သံသယဝင်လာတယ်။ ဒါတွေအားလုံးဟာ သူတို့နဲ့ အလ္လာဟ် (سبحانه وتعالى) ကြားမှာ ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်လာပါတယ်။

 တမန်တော်မြတ် (ﷺ) ရဲ့ ဝမ်းကွဲညီတော် အဗ္ဗနု အဗ္ဗာစ် (Ibn ‘Abbas) (رضي الله عنه) ပြောခဲ့သည်မှာ – မည်သူမဆို ကဒရ် (ကံကြမ္မာ) ကို ယုံကြည်ချက်ခိုင်မာလျင် ထိုသူသည် သူ၏ သောင်ဟီးဒ် ကို ခိုင်မာစေသည်။ (ကဒရ်ကို ယုံကြည်ချက်ခိုင်မာသူ ဆိုသည်မှာ အလ္လာဟ် (سبحانه وتعالى) မှ အမြဲတမ်း ထိန်းချုပ်နေခြင်းကို အမှန်တကယ်နားလည်သူ)၊ (သောင်ဟီးဒ် = တစ်ပါးတည်းသောအရှင်သခင်ဖြစ်သည့် ဖန်ဆင်းရှင်ကို ယုံကြည်ခြင်း)

 သို့သော်လည်း ဤယုံကြည်ချက် မရှိသူများသည် ဖန်ဆင်းရှင်ကိုလက်ခံရန်၊ တစ်ပါးတည်းသော အရှင်သခင်ကို ယုံကြည်ရန် အခြေခံသဘောတရားတစ်ခုလုံး အားနည်းနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကံကြမ္မာနှင့် ပတ်သက်သည့် ကျွန်မတို့၏ ယုံကြည်မှုကို တတ်နိုင်သမျှ ခိုင်မာအောင်လုပ်ဖို့ အရေးကြီးပြီး၊ အလ္လာဟ် (سبحانه وتعالى) ကို ချစ်မြတ်နိုးတဲ့နေရာမှာ အလ္လာဟ် (سبحانه وتعالى) အပေါ် အားကိုးမှု (Tawakul) ကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

 ပထမဆုံးအနေနဲ့၊ အလ္လာဟ် (سبحانه وتعالى) မှ إِنَّ اللهَ يُحِبُّ الْمُتَوَكِّلِينَ “အလ္လာဟ် (سبحانه وتعالى) သည် အရှင်မြတ်အပေါ် ယုံကြည်အားထားသူတွေကို ချစ်မြတ်နိုးတယ်” လို့ မိန့်တော်မူထားပါတယ်။ အလ္လာဟ် (سبحانه وتعالى) မှ အလ္လာဟ့်(سبحانه وتعالى)အပေါ် အားကိုးမှုထားသူတွေကို ဘာကြောင့် ချစ်ရတာလဲ။ ဒီအရာရဲ့ ရလဒ်တွေက ဘာတွေလဲ၊ ဒီအဆင့်အတန်းက ဘယ်လိုပုံစံလဲ။ ပထမတစ်ခုက إِنَّ اللهَ يُحِبُّ أَنْ يُسْأَلَ “အလ္လာဟ် (سبحانه وتعالى) ဟာ (အလ္လာဟ်အရှင်မြတ်ထံ) တောင်းဆိုခံရတာကို နှစ်သက်တယ်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် အလ္လာဟ့်အရှင်မြတ်အပေါ် ယုံကြည်အားထားခြင်းဆိုတာ ကျွန်မတို့က အလ္လာဟ်အရှင်မြတ်ကို ချစ်ကြောင်း ဖော်ပြနေတာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံမှ အားဖြည့်မှုနဲ့ ထောက်ပံ့ကူညီမှုတွေကို လိုချင်တဲ့ဆန္ဒကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဒုအာအ်ပြုကြတယ်၊ အလ္လာဟ်(سبحانه وتعالى)ကို တောင်းဆိုကြတယ်၊ အကြောင်းကတော့ အလ္လာဟ်အရှင်မြတ်ရဲ့ တန်ခိုးတော်နဲ့ ဂုဏ်တော်တွေကို အသိအမှတ်ပြုရင်း အရှင့်အပေါ် ယုံကြည်အားထားမှု ရှိနေလို့ပါ။ အလ္လာဟ် (سبحانه وتعالى) သည် ကျွန်မတို့ ယုံကြည်အားထားခြင်းကို ချစ်မြတ်နိုးတော်မူပါတယ်။

 ဒုတိယအနေနဲ့၊ အလ္လာဟ် (سبحانه وتعالى) ကို ယုံကြည်အားထားခြင်းမှာ အရှင်မြတ်ဆီကနေ အာရုံပြောင်းစေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ အကယ်၍ ကျွန်မတို့သာ အရာအားလုံး ထိန်းချုပ်မရဖြစ်နေပြီး ပြိုလဲနေချိန်မှာ ကိုယ်မျှော်လင့်ထားတာတွေချည့်ပဲ ဖြစ်လာမယ်လို့ အမြဲတမ်း ခံစားနေမယ်ဆိုရင် ကြာလာတဲ့အခါ သူ့အလိုလို စိတ်ပျက်လာကြမှာပါ၊ အကြောင်းကတော့ အရာအားလုံးဟာ ကျွန်မတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်နေလို့ပါပဲ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေအားလုံးကြောင့် အာရုံပြောင်းလွဲနေပြီး စိတ်ရှုပ်ထွေးနေရင် အလ္လာဟ် (سبحانه وتعالى) အပေါ် အာရုံစိုက်ဖို့ ခက်ခဲသွားမှာပါ။ ဒါပေမယ့် ဒီအဓိပ္ပာယ်က ကျွန်ုပ်တို့ ပျင်းရိနေဖို့ မဟုတ်ပါဘူး – ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى) ကို ချစ်တယ်၊ ကျွန်မတို့ ယုံကြည်တယ်လို့ ပြောရုံသက်သက် မဟုတ်ပါဘူး။ ကျွန်မတို့ဘဝမှာ အမျိုးမျိုးဖြစ်ပျက်နေတဲ့အခါ အခြေအနေများကို ဘက်စုံကမြင်နိုင်ဖို့ ကြိုးစားရင်း အဲဒါအားလုံးထဲကနေ အလ္လာဟ် (سبحانه وتعالى) ကို မြင်အောင်ကြိုးစားပြီး အလ္လာဟ် (سبحانه وتعالى)အပေါ် ယုံကြည်အားထားမှု ထားရမှာပါ။

 တတိယအနေနဲ့၊ မူတာဝက္ကီလ် (mutawakkil) ဖြစ်ခြင်းရဲ့ အဆင့်ကတော့ အလ္လာဟ် (سبحانه وتعالى) အပေါ် ယုံကြည်အားထားမှုရှိသူ ဖြစ်ပြီး၊ နောင်တမလွန်ဘဝမှာ အကျိုးဆုလာဘ်ကို တောင့်တနေသူ၏ အဆင့်ပါ။ ကျွန်မတို့သာ အလ္လာဟ် (سبحانه وتعالى) က ဒီဘဝမှာ ကျွန်မတို့ကို ပြစ်ဒဏ်ပေးနေတယ်၊ ကျွန်မတို့ဟာ အမြဲတမ်းပြစ်ဒဏ်ခံနေရတယ်လို့ ထင်နေရင်၊ အမြဲတမ်းဆုလာဘ်ရရှိရမယ့် နေရာတစ်ခုကို ယုံကြည်ဖို့ ခက်ခဲနေမှာပါ။ “တဝက္ကလ်” ဟာ ဒီဘဝမှာ စိတ်ငြိမ်သက်မှုရရှိဖို့နဲ့ နောင်တမလွန်အတွက် တောင့်တမှုကို ရရှိဖို့ ခွင့်ပြုပေးပါတယ်။

 အဗ္ဗနု ကေ​ယီးမ် အလ်-ဂျော်ဇီယ်ယဟ် (Ibn Qayyim al Jawziyyah) (رحمه الله) က ဒီအကြောင်းကို အလွန်လှပစွာ အကျဉ်းချုပ်ပြောထားပါတယ်။ အလ္လာဟ် (سبحانه وتعالى) ကို ယုံကြည်အားထားရာမှာ အဆင့် သုံးမျိုးရှိတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။ အလ္လာဟ် (سبحانه وتعالى) အပေါ် ယုံကြည်အားထားမှုရဲ့ ပထမအဆင့်က ကိုယ်စားလှယ် (ဝကီးလ်) တစ်ဦးကို ယုံကြည်အားထားသလို ဖြစ်ပါတယ်တဲ့။ ကျွန်မတို့က ကိုယ်စားလှယ်တစ်ဦးကို ယုံကြည်တဲ့အခါ၊ အဲဒီကိုယ်စားလှယ်ဟာ ကျွန်မတို့ကို ဝန်ဆောင်မှုပေးနေဆဲပဲ ဖြစ်ပြီး၊ ကျွန်မတို့က ကိုယ်စားလှယ်ကို ဝန်ဆောင်မှုမပေးပါဘူး။ ကျွန်မတို့က ကိုယ်စားလှယ်ကို ညွှန်ကြားချက်တွေ ပေးပြီး ကိုယ်စားလှယ်က ကျွန်မတို့ ပြောတဲ့အတိုင်း အတိအကျမလုပ်တဲ့အခါ၊ အဲဒီကိုယ်စားလှယ်အပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီး သူ့ကို အစားထိုးဖို့ ကြိုးစားကြတယ်။ အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့အတွက် ဒီလိုမျိုး ဝကီးလ် ဖြစ်မှာမဟုတ်ဘူး။ ကျွန်မတို့ဟာ ဒီထက်ပိုမြင့်တဲ့အဆင့်ကို ရောက်ဖို့ လိုအပ်ပါတယ်။

 ဒုတိယယုံကြည်အားထားမှုအဆင့်ကတော့ ကလေးငယ်တစ်ဦးက သူ့အမေအပေါ် ထားတဲ့ ယုံကြည်အားထားမှုမျိုးပဲ ဖြစ်ပါတယ်။ ကလေးတစ်ဦးဟာ သူ့အမေဆီသွားတဲ့အခါ၊ သူ့ကို အမေလောက် ချစ်တဲ့သူ ဘယ်သူမှမရှိဘူးဆိုတာ၊ နွေးထွေးလုံခြုံမှုပေးနိုင်တာ ဘယ်သူမှမရှိဘူးဆိုတာ သိထားပါတယ်။ ဒါကြောင့် အမေက ကလေးကို ဆုံးမတဲ့အခါ၊ ကလေးက ငိုလိုက်ပြီး အဆူခံရလို့ ဒေါသထွက်လိုက်ရာကနေ၊ သက်သာမှုရဖို့ ပြန်ပြီး အမေဆီပဲ ရောက်လာပါတယ်။ အကြောင်းကတော့ ကလေးက သူ့အမေရဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်ပြီး အမေက သူ့ကို ဆုံးမတဲ့အခါတောင် သူ့အတွက် အကောင်းဆုံးစိတ်ထားပါတယ်ဆိုတာ သိနေလို့ပါ။

 အလ္လာဟ် (سبحانه وتعالى) အပေါ် တတိယအဆင့် ယုံကြည်အားထားမှုကို ရှင်းပြရာမှာ မိုင်ယာတ် တစ်ခုကို ဆေးကြောပေးနေသူများအပေါ် အဲဒီ မိုင်ယာတ် က ယုံကြည်အားထားသလိုမျိုးဖြစ်တယ်တဲ့။ ဒါဟာ အလ္လာဟ် (سبحانه وتعالى) အပေါ် လုံးဝပြည့်ဝတဲ့ ယုံကြည်အားထားမှု အခြေအနေ ဖြစ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို မုန်းတီးမှုကြောင့် သို့မဟုတ် ကျွန်မတို့ရဲ့ အကောင်းဆုံး အကျိုးစီးပွားမဟုတ်တဲ့ ဦးတည်ရာဆီ ရွှေ့ပေးမှာမဟုတ်ဘူးဆိုတဲ့ အပြည့်အဝယုံကြည်မှု၊ အလ္လာဟ် (سبحانه وتعالى)က ကျွန်မတို့ရဲ့ အရေးကိစ္စတွေကို ထိန်းသိမ်းပေးမယ်ဆိုတဲ့ အပြည့်အဝယုံကြည်မှု၊ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် အလ္လာဟ် (سبحانه وتعالى)မှ ကူညီပေးပြီး အခက်အခဲတိုင်းဟာ ကျွန်မတို့ ထပ်မံရရှိမယ့် ရှုမြင်ပုံ၊ အလ္လာဟ် (سبحانه وتعالى)ရဲ့ ချစ်ခြင်းမေတ္တာဆီသွားရာ လမ်းကြောင်းပေါ်မှာ အလ္လာဟ် (سبحانه وتعالى)နဲ့ ပိုပြီးနီးကပ်လာဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အပြည့်အဝ ယုံကြည်မှုပါ။ ဒါကြောင့် အလ္လာဟ် (سبحانه وتعالى) နဲ့ ကျွန်မတို့ ဆက်ဆံရေးမှာ အမြင့်ဆုံးယုံကြည်အားထားမှုက ကျွန်မတို့အပေါ် အလ္လာဟ် (سبحانه وتعالى)ရဲ့ ချစ်ခြင်းမေတ္တာအပေါ်ကို အာရုံစူးစိုက်ခွင့်ပေးထားပါတယ်။ သံသယရှိတဲ့နေရာမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ မရှိနိုင်ပါဘူး။

 ယာအလ္လာဟ်။ အရှင်မြတ်မှ إِنَّ اللهَ يُحِبُّ الْمُتَوَكِّلِينَ "အလ္လာဟ် (سبحانه وتعالى) သည် အရှင်မြတ်အပေါ် ယုံကြည်အားထားသူတွေကို ချစ်မြတ်နိုးတယ်" ဟု မိန့်ဆိုထားသည့်အတွက် ကျွန်တော်မျိုးမတို့အား ထိုသူများထဲမှ တစ်ဦးဖြစ်ခွင့်ရစေဖို့ အရှင့်ထံတော်ပါးတွင် တောင်းဆုဒုအာအ်ပြုပါတယ်။ အာမီးန်။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… မျက်ရည်နှင့် အမှတ်အသားများ  အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ဆွာဗရ် (စိတ်ရှည်သည်းခံခြင်း)