ပြီးခဲ့တဲ့အခန်းမှာ ကျွန်မတို့ဟာ အချိန်မှန်ဆွလာဟ်ပြုဖို့ကို တစ်သမတ်တည်းလုပ်သင့်ကြောင်း ပြောခဲ့ကြပါတယ်။ ဆွလာဟ်မပြုခင် အရင်ဆုံး လုပ်ရတာကတော့ ဝူဒူ (wuḍū’)၊ ကျွန်မတို့ရဲ့ ကိုယ်လက်သန့်စင်မှုပြုတဲ့အလေ့အကျင့်တစ်ခုပါ။ ဝူဒူဟာ သန့်ရှင်းစင်ကြယ်မှု၊ စင်ကြယ်မှု (طَهَارَة) ဆိုတဲ့ ကြီးမားကျယ်ပြန့်တဲ့ သဘောတရားကနေ ဆင်းသက်လာပါတယ်။
တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့တာက သန့်ရှင်းစင်ကြယ်မှု (ṭahārah) ဟာ ယုံကြည်ချက်ရဲ့ တစ်ဝက်ဖြစ်တယ်လို့ပါ။ နေ့စဉ် အာရဗီကျောင်း (အစ္စလာမ့်စာသင်ကျောင်း) တွေက ထွက်လာတဲ့သူတွေ၊ သို့မဟုတ် မက်စ်ဂျဒ်မှာ စာသင်ကြားနေတဲ့သူတွေ၊ သို့မဟုတ် အဒေါ်တွေ၊ ဦးလေးတွေရှိသူတွေ ကနေ ကျွန်မတို့ကို သန့်ရှင်းစင်ကြယ်နေဖို့လိုတယ်၊ ဒီလိုပုံစံနဲ့ သန့်ရှင်းအောင်လုပ်ရတယ်၊ ဒီလိုပုံစံနဲ့ သန့်ရှင်းအောင်လုပ်နေဖို့လိုတယ် အစရှိသဖြင့် သန့်ရှင်းစင်ကြယ်မှုနဲ့ ပတ်သက်ပြီး ဆက်တိုက်ပြောပြပေးနေတတ်ကြပါတယ်။ သို့ပေမဲ့လည်း မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အလ္လာဟ် (سبحانه وتعالى) ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝနားမလည်ခဲ့ကြပါဘူး။ အလ္လာဟ် (سبحانه وتعالى) က မက်စ်ဂျဒ်မှာ မြဲမြံစွာရှိနေတဲ့သူတွေအကြောင်း ကျမ်းမြတ်ကုရ်အာန်ထဲမှာ ပြောပြထားတာကတော့၊ “…ထိုမက်စ်ဂျဒ်ထဲမှာ ကိုယ့်ကိုယ်ကို သန့်စင်ရတာကို ချစ်တဲ့ ယောက်ျားမိန်းမတွေရှိကြတယ်၊ ပြီးတော့ အလ္လာဟ် (سبحانه وتعالى) က သန့်စင်သူတွေကို ချစ်တော်မူပါတယ်။” ဒီလိုစင်ကြယ်မှုမျိုးဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို ဆိုလိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒါဟာ ရိုးရိုးဝူဒူလုပ်တာ၊ ရိုးရိုးကိုယ့်ကိုယ်ကိုသန့်စင်တာထက် ပိုမြင့်မားတဲ့ စင်ကြယ်မှုအဆင့်တစ်ခု ဖြစ်ပါတယ်။
တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို မစင်ကြယ်မှုတွေကို ဖယ်ရှားဖို့နဲ့ ကျွန်မတို့ရဲ့ ဝူဒူကို အလျင်လိုလို့ မဟုတ်ဘဲ ဂရုစိုက်ပြီးလုပ်ဖို့၊ ကျွန်မတို့ရဲ့ ဝူဒူကို သင့်တော်တဲ့ ဒုအာအ်နဲ့အတူလုပ်ဖို့၊ မက်စ်ဂျဒ်ကို မလာခင် ကျွန်မတို့ရဲ့ ခံတွင်းကို လန်းဆန်းစေဖို့ သင်ကြားပေးခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ) က ဆွလာဟ်ဝတ်ပြုတိုင်း သွားပွတ်တံ (မစ်ဝါ့က်) နဲ့ ကိုယ်တော်ခံတွင်းကို သန့်စင်လေ့ ရှိပါတယ်။ ဒါပေမယ့် တမန်တော်မြတ် (ﷺ)က ကျွန်မတို့ အားလုံးကို အဲဒါကိုလုပ်ကို လုပ်ရမယ်လို့ သတ်မှတ်ပြီး အခက်အခဲ မဖြစ်စေခဲ့ပါဘူး။ သို့သော်လည်း ဒီလိုလုပ်တာဟာ ဆွလာဟ်မှာ အလ္လာဟ် (سبحانه وتعالى) နဲ့ တွေ့ဆုံဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။
အချိန်မှန်ဆွလာဟ်ပြုတာဟာ ကျွန်မတို့ရဲ့ အချိန်ဇယားအရ အလ္လာဟ် (سبحانه وتعالى) ကို ဦးစားပေးတာကို ပြသလို၊ ကျွန်မတို့ ဆွလာဟ်ပြုတဲ့နည်းကလည်း ကျွန်မတို့ရဲ့ အတွေးတွေနဲ့ စိတ်ပျံ့လွင့်မှုတွေထက် အလ္လာဟ် (سبحانه وتعالى) ကို ဦးစားပေးကြောင်း ပြပါတယ်။ ပညာရှင်များက ပြောထားတာကတော့ ကျွန်မတို့ ဒီတွေ့ဆုံမှုတွေအတွက် ကိုယ့်ကိုယ်ကို သန့်စင်ပြီး ပြင်ဆင်တဲ့ပုံစံဟာ အလ္လာဟ် (سبحانه وتعالى) အတွက် ကျွန်မတို့မှာရှိတဲ့ တမ်းတမှုကြီးမားပုံကို ဖော်ပြနေပါတယ်။
အီမမ် အလ်-ဂါဇာလီ (رحمه الله) က ပြောခဲ့တာကတော့ မည်သူမဆို သူတို့ အလွန်ချစ်မြတ်နိုးတဲ့သူနဲ့ တွေ့ဆုံဖို့ သွားတဲ့အခါ သူတို့ဟာ သင့်တော်စွာ ဝတ်စားဆင်ယင်ထားကြောင်း၊ ရေချိုးထားကြောင်း၊ သူတို့ရဲ့ အကောင်းဆုံး ရေမွှေးနံ့သာ ဖျန်းထားကြောင်း၊ ဆံပင်ဖီးထားကြောင်း၊ မုတ်ဆိတ်ပြင်ထားကြောင်း၊ သို့မဟုတ် သူတို့ကိုယ်သူတို့ အလှဆုံးနည်းဖြင့် ပြင်ဆင်ဖို့ လုပ်တဲ့အရာမှန်သမျှကို သေချာပြင်ဆင်ထားတာပါ။ ဒါဆိုရင် ကျွန်မတို့ဟာ( ٱلْوَدُودُ-အလ် ဝဒူးဒု) အလွန်ချစ်မြတ်နိုးတော်မူသော အရှင်၊ သန့်စင်ကြသူများကို ချစ်တော်မူသော အရှင်မြတ်နဲ့ တွေ့ဆုံဖို့ သွားတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုသန့်စင်ရမလဲ။ ကျွန်မတို့ ကိုယ့်ကိုယ်ကို ပြင်ဆင်တဲ့အခါ ဂရုစိုက်မှုဟာ ကျွန်မတို့ရဲ့ စောင့်မျှော်မှုကို ပြသပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဝူဒူကို ဂရုတစိုက်ပြုခြင်းက ကျွန်မတို့ရဲ့ ဆွလာဟ်ကို ဂရုစိုက်တာ ဖြစ်သလို၊ အလ္လာဟ် (سبحانه وتعالى) နဲ့ တွေ့ဆုံဖို့ ကျွန်မတို့မှာရှိတဲ့ ကြီးမားတဲ့ ဆန္ဒကိုလည်း ပြသတာ ဖြစ်ပါတယ်။
ဒါတွေဟာ ကျွန်မတို့ကိုယ်ကို လှပအောင်လုပ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် အစအနေနဲ့ ဆွလာဟ်မပြုခင် စက်ဆုပ်ဖွယ်အရာတွေကို ဖယ်ရှားဖို့ အရေးကြီးပုံကိုပြောကြရအောင်။ တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို ကြက်သွန်ဖြူအနံ့နဲ့ သို့မဟုတ် ကြက်သွန်နီစားပြီးနောက် မက်စ်ဂျဒ်ကို မလာဖို့ မှာကြားခဲ့ပါတယ်။ အကြောင်းကတော့ အဲဒါဟာ ကောင်းကင်တမန်တွေကို စက်ဆုပ်ဖွယ်ဖြစ်စေသလို၊ ကျွန်မတို့နားမှာ ရပ်နေတဲ့ သူတွေကိုလည်း စက်ဆုပ်ဖွယ်ဖြစ်စေလို့ပါ။ အဲဒီအရာတွေကို ဂရုစိုက်တာဟာ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေကို ရက်ရောမှု (ikrām) ပြသတဲ့နည်းလမ်းတစ်ခုဖြစ်သလို၊ ကျွန်မတို့ မမြင်နိုင်တဲ့ ကောင်းကင်တမန်တွေကို ရက်ရောမှုပြသတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကအားဖြင့် အလ္လာဟ် (سبحانه وتعالى) ရှေ့တော်မှာ ရပ်ဖို့ ကျွန်မတို့မှာရှိတဲ့ မျှော်လင့်ချက်ကို ပြသတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို ဝူဒူပြုလုပ်တဲ့အခါ ရေကို အနည်းဆုံးသုံးဖို့ နက်နဲစွာသင်ကြားပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ တတ်နိုင်သမျှ ရေအများကြီးသုံးလေ့ရှိကြတယ်။ ကိုယ်တော် (ﷺ) ဝူဒူပြုတဲ့အခါ၊ ရေအနည်းငယ်သာ သုံးခဲ့ပါတယ်။ ကိုယ်တော် အာရုံစိုက်တာကတော့ ရေဟာ သူ့လက်ချောင်းတွေကို သင့်တော်စွာ ဖုံးလွှမ်းတာသေချာဖို့၊ ရေသွားရမယ့်နေရာတိုင်းကို ရောက်ဖို့၊ ခြေထောက်ကို ဆေးတဲ့အခါ စိုနေတဲ့ လက်ချောင်းနဲ့ ခြေချောင်းကြားကို သွားဖို့ စတာတွေဖြစ်ပါတယ်။ ဒီအရာတွေဟာ သေးငယ်ပုံရပေမယ့်၊ ပိုကြီးမားတဲ့အရာကို ဖော်ပြပါတယ် – ပိုမိုတဲ့ အာရုံစိုက်မှုနဲ့ ပိုမိုတဲ့တန်ဖိုးထားမှု ဖြစ်ပါတယ်။ ရှေ့မှာ ဖော်ပြခဲ့သလိုပဲ၊ ကျွန်မတို့ဟာ ဝတ်ပြုကိုးကွယ်ခြင်းမပြုခင် ကိုယ့်ကိုယ်ကို သန့်စင်တဲ့နည်းလမ်းမှာ အစ်သ်ကန်(အသေးစိတ်အာရုံစိုက်မှု) ရှိသင့်ပါတယ်။
ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား သာသနာပိုင်းဆိုင်ရာသန့်ရှင်းစင်ကြယ်ခြင်းအလို့ငှာ အရှင်မြတ်ထံသို့ လာရောက်တွေ့ဆုံရာတွင် ကိုယ်အားဖြင့်ရော၊ စိတ်နှလုံးသားအားဖြင့်ပါ သန့်ရှင်းစင်ကြယ်ကြသူများဖြစ်ခွင့်ပေးပါရန် တောင်းဆုဒုအာအ်ပြုပါသည်။ အာမီန်း။