Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟑 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐎𝐯𝐞𝐫𝐜𝐨𝐦𝐢𝐧𝐠 𝐅𝐞𝐚𝐫 𝐨𝐟 𝐅𝐚𝐢𝐥𝐮𝐫𝐞𝐬


ကိုယ်လုပ်လိုက်လို့ တစ်ခုခုမှားသွားမှာ၊ အူကြောင်ကြောင်နိုင်တယ်အထင်ခံရမှာ ဒါမှမဟုတ် ကိုယ်မှန်းထားသလောက်မဖြစ်လာမှာ ကြောက်တဲ့စိတ်တွေများရှိဖူးကြလား။

ဒီလိုစိတ်တွေအားလုံးကို ကျရှုံးမှာ၊ ရှုံးနိမ့်သွားမှာ ကြောက်တဲ့ စိတ် လို့ ယေဘုယျ ကျွန်မတို့ သတ်မှတ်ထားပါတယ်။

တကယ်တမ်းကျတော့ ကျွန်မတို့ဖြစ်တော့မလားဆိုပြီး ပူပန်နေရတဲ့ ကိစ္စ ၉၀% လောက်က တကယ့်လက်တွေ့မှာ ဖြစ်မလာပါဘူး။

အမှားကျူးလွန်မိရင်တောင် ဝန်ခံတတ်တဲ့အကျင့်တစ်ခု လေ့ကျင့်နေကြတယ် မဟုတ်ဘူးလား။

ဒီလိုပဲ ကျရှုံးခြင်းဆိုတာမျိုးကိုလည်း ကျွန်မတို့ တိုးတက်ကြီးထွားစေဖို့ အခွင့်အရေးတစ်ခုပါလား ဆိုပြီး လက်ခံနိုင်မယ်ဆိုရင်၊ ဖြစ်လာနိုင်မဲ့ ရလဒ်တွေကို မြင်တတ်မယ်ဆိုရင် ကြောက်ရွံ့မှုကို ကျော်လွှားဖို့ လွယ်ကူလာပါလိမ့်မယ်။

ကျွန်မ အနှစ်သက်ဆုံးစာရေးဆရာတစ်ယောက်ဖြစ်တဲ့ “Tim Ferriss” အကြံပြုထားတဲ့ ကြောက်ရွံ့မှုစာရင်း (Fear list ) တစ်ခုဖန်တီးကြည့်ပါ။

ကိုယ့်စိတ်ထဲတစ်ခုခုကြောက်လာပြီဆိုတာနဲ့ ဒီအကြောက်တရားနှင့် ပတ်သက်ပြီး မေးခွန်း ၅ ခု မေးကြည့်ပါ။

၁။ ကိုယ်က ဘာကို ကြောက်နေတာလဲ? / ကိုယ် ကြောက်နေတာ ဘာလဲ။
၂။ ဒီလိုကျရှုံးမှုတွေ မဖြစ်လာအောင် ဘယ်လို ကာကွယ်နိုင်မလဲ။
၃။ ဒါကို ဘယ်လိုအဆင်ပြေဆုံးဖြစ်အောင် ပြုပြင်လို့ရမလဲ။
၄။ ကြိုးစားကြည့်မယ် ဒါမှမဟုတ် တစ်ပိုင်းတစ်စလေးပဲ ဖြစ်ဖြစ် အောင်မြင်မယ်ဆိုရင် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။
၅။ မလုပ်ဖြစ်ဘဲ ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ။

ဒီလိုလေ့ကျင့်ခန်းလုပ်ကြည့်မယ်ဆိုရင် ကိုယ်ကြောက်နေတဲ့အရာက ဥပမာ အလုပ်လျောက်ဖို့ ဆိုပါစို့။

အလုပ်လျောက်ဖို့ကိုယ်က “ဒါ ငါ့အတွက် မဟုတ်နေပါဘူးလေ။ ငါလျောက်လဲ ရမှာမဟုတ်တာ။ လျောက်လိုက်မှ အဆင်မပြေရင် ငါပိုစိတ်ညစ်နေရမယ်” စသဖြင့် အကြောက်တရားတွေ ပေါ်လာပြီဆိုရင် အပေါ်က လေ့ကျင့်ခန်းလေး အတိုင်း မေးခွန်းတွေ ပြန်မေးပြစ်ပါ။

အလုပ်လျောက်လိုက်လို့ မရတာက ကိုယ်က ဒီနေရာက ဒီနေရာပဲ မပြောင်းလဲ ရုံပဲဆိုပေမဲ့ တကယ်လို့များ ဒါက ကိုယ့်အတွက် ဖြစ်နေခဲ့ရင် ကိုယ်ရလာမဲ့ ရာထူးအသစ်၊ အလုပ်အသစ်တွေက ကိုယ်မလျောက်ဖြစ်ခဲ့တဲ့အတွက် ဖြစ်နိုင်ချေ ဘဝနဲ့ပဲ ပြီးသွားမှာပါ။ ဒီလို ကိစ္စတစ်ခုခြင်းစီရဲ့ လုပ်မိခြင်း၊ မလုပ်မိခြင်း ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို တွက်ကြည့်မယ်ဆိုရင် “ဒါက ငါ့အတွက် အခွင့်အရေးပဲ။ ငါ ကြိုးစားကြည့်သင့်တယ်” ဆိုတဲ့ အဖြေလိုမျိုး ကျရှုံးမှာကို မကြောက်နေတော့တဲ့ စိတ် ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့်ကျွန်မ မိတ်ဆွေတို့လည်း တစ်ခုခုကိုတွေးကြောက်မိတိုင်း အထက်ပါ လေ့ကျင့်ခန်းလေးလုပ်ကြည့်ပြီး ကျရှုံးမှာကို ကြောက်တဲ့စိတ်ကို ကျော်လွှားတဲ့ အလေ့အကျင့်လေး လုပ်ကြည့်ပါ။

ရလာမဲ့အကျိုးဆက်တွေက နောင်တမရစေရပါဘူးလို့ ကျွန်မက အားပေးလိုက်ပါရစေ။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟐- 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐀𝐝𝐦𝐢𝐭𝐭𝐢𝐧𝐠 𝐌𝐢𝐬𝐭𝐚𝐤𝐞𝐬 𝐚𝐧𝐝 𝐅𝐨𝐫𝐠𝐢𝐯𝐢𝐧𝐠 𝐎𝐭𝐡𝐞𝐫𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟒 𝐓𝐫𝐮𝐬𝐭𝐢𝐧𝐠 𝐀𝐥𝐥𝐚𝐡’𝐬 𝐏𝐥𝐚𝐧