Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟖 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐑𝐨𝐮𝐭𝐢𝐧𝐞


ညအိပ်ယာဝင်ခါနီးအချိန်အခါက တစ်နေ့တာလုံးမှာ အပင်ပန်းဆုံးအချိန် ဆိုတာကို လက်ခံကြပါသလား။

နေ့တဓူဝကိစ္စတွေကို လုပ်ဆောင်နေရင်းနဲ့ အိပ်တော့မယ်အချိန်ရောက်ပြီဆို လူက တော်တော်လေး ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။

ဒီလိုအချိန်မှာ ဒီတိုင်းအချိန်လေးဖြုန်းပြီး အနားယူလိုက်တာမျိုးထက် အကျိုးရှိမဲ့ Routine တွေကိုလုပ်ရင်း အိပ်ယာဝင်ဖို့ ပြင်ဆင်တာက ကျွန်မတို့အတွက် ကောင်းကျိုးတွေအများကြီးရှိနေပါတယ်။

ဟိုးအရှေ့မှာ ကျွန်မတို့ ဆွေးနွေးဖြစ်ခဲ့တဲ့ Gratitude Journaling ကို ကျွန်မ မိတ်ဆွေတို့ ဘယ်အချိန်ရေးဖြစ်ကြပါသလဲ။

မနက်ခင်းမှာကတည်းက ရေးဖြစ်ခဲ့တယ်ဆိုရင် ဒီလိုအိပ်ယာဝင်ခါနီးအချိန်မှာ တစ်နေ့တာလုံးကို သုံးသပ်တဲ့ notes လေးတွေ ရေးကြည့်ကြမယ်ဆိုရင်ရော?

တနေကုန်လုံး ကိုယ်ကြုံတွေ့ရတဲ့ ကိစ္စတွေ၊ အဖြစ်ပျက်တွေထဲက ကိုယ့်အတွက် အကျိုးရှိစေတဲ့၊ ကိုယ်ပျော်ခဲ့ရတဲ့ ကိစ္စတွေကို ချရေးခြင်းအားဖြင့် နောက်ထပ်နေ့သစ်တစ်ခု စဖို့
ခွန်အားတွေရရှိစေနိုင်ပါတယ်။

ကိုယ်သင်ခန်းစာယူရမဲ့ အကြောင်းအရာ ရှိနေခဲ့ရင်လည်း တစ်ခါတည်း မှတ်သင့်တာကို မှတ်ပြီး၊ ပြင်ယူသင့်တာကို ပြင်ယူပြီး ဒိနေ့ရဲ့ ဝမ်းနည်း ကြေကွဲမှုတွေကို နောက်နေ့မသယ်သွားဘဲ စိတ်အသစ်နဲ့ နေ့သစ်တစ်ခုကို ပြန်စနိုင်မှာပါ။

နောက်နေ့အတွက် လုပ်သင့်တာတွေ၊ ဒီနေ့အပြီးမဖြတ်လိုက်ရတဲ့ ကိစ္စတွေကို ကြိုစာရင်းလေးလုပ်ထားမယ်ဆိုရင် နောက်နေ့မှာ အချိန်အများကြီး မကုန်ဘဲ လုပ်သင့်တာတွေ လုပ်မိဖို့ အခွင့်အရေး ပိုရနိုင်ပါတယ်။

ဒီလို lists တွေ ကြိုလုပ်ကြတယ်၊ နောက်နေ့အတွက် ကြိုပြင်ဆင်ကြတယ် ဆိုတာ ကျွန်မတို့ မနက်ဖြန် ပြန်နိုးလာမှာ သေချာတယ်ဆိုတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ ရှိနေလို့မဟုတ်ဘူးလား။

တကယ်တော့ တစ်နေ့တာကို အဆုံးသတ်ခါနီးမှာ စိတ်ရှင်းရှင်းနဲ့ နောက်တစ်နေ့ပြန်စဖို့ က အရေးကြီးသလို စိတ်ခံစားချက်၊ နှလုံးသားကို ရှင်းလင်းပြီးမှ အိပ်ဖို့ကလည်း အရေးကြီးပါတယ်။

ကိုယ့်အတွက် ပူဆွေးနေရမှုတွေကို ပြန်ဖြေသင့်သလောက်ဖြေဖျောက်ပြီး ကိုယ့်အပေါ်မကောင်းတဲ့ တချို့လူတွေကိုလည်း ကြိုးစားခွင့်လွှတ်ပေးကြည့်ပါ။

လူတစ်ယောက်ရဲ့ အမှားကို ခွင့်လွှတ်ပေးဖို့ဆိုတာ ကျွန်မတို့ကို အစ္စလာမ်က သင်ပေးထားတဲ့ အရေးကြီးတဲ့ စိတ်နေစိတ်ထားတစ်ခုပါ။

ဘာလို့ဒီလိုစိတ်ကိုရှင်းလင်းပြီး အိပ်ဖို့က အရေးကြီးရတာလဲ။

တကယ်တော့ ကျွန်မတို့အတွက် အိပ်စက်ခြင်းဆိုတာ အနားယူခြင်း ဆိုတဲ့အဓိပ္ပာယ်မျိုးထက် တကယ်က ခဏတာသေဆုံးခြင်းပဲ ဖြစ်ပါတယ်။

လူတိုင်း မနက်ပြန်မနိုးလာနိုင်သလို ဒီတစ်ညဟာ ဒီဒွန္နယာရဲ့ နောက်ဆုံးတစ်ရက်လည်း ဖြစ်နိုင်ပါတယ်။

ကျွန်မတို့ ပြန်နိုးလာရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး စီစဉ်နေကြပေမဲ့ တကယ်တမ်းက နောက်တစ်နေ့မနက်ဆိုတာ မရေရာဆုံးအရာတစ်ခုပါ။

ဒါ့ကြောင့် တတ်နိုင်သမျှ အိပ်ယာဝင်ခါနီးအချိန်မှာ တစ်နေ့တာလုံးဖြစ်ခဲ့သမျှတွေကို အပြီးမေ့ဖျောက်ပြီး ကြည်လင်တဲ့ စိတ်နှလုံးသားနဲ့ အိပ်စက်အနားယူပါ။

မနက်နိုးလာတာနဲ့ Allah(SWT) ကိုယ့်အပေါ်မှာ ပေးလိုက်တဲ့ နေ့တစ်ခုအတွက် ကျေးဇူးတင်ပါ။

ခွန်အားအပြည့်နဲ့ ပြန်ထပြီး တစ်နေ့တာလုံးကို အကောင်းဆုံးကျော်ဖြတ်ပါ။

အိပ်ယာဝင်ခါနီးတိုင်း အကျိုးရှိတဲ့ Routine တွေကို လုပ်ပြီး စိတ်ကြည်ကြည်လင်လင်နဲ့ ပြန်အိပ်စက်ပါ။

ဒီလိုကောင်းမွန်တဲ့အလေ့အကျင့်တွေနဲ့သာ ကိုယ့်ရဲ့ နေ့၊ ညတွေကို ဖြတ်သန်းသွားမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ ဘဝက အမြဲခွန်အားအသစ်၊ စိတ်သစ်လူသစ်နဲ့ အကျိုးရှိနေမှာမလွဲမသေပါဘဲ။

ဒါ့ကြောင့် ဒီ Evening Routine လေးကို မအိပ်ခင် လုပ်ကြည့်သွားကြပါလို့ ထပ်တိုက်တွန်းလိုက်ပါရစေနော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟕 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐑𝐨𝐮𝐭𝐢𝐧𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟗 𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭