ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာ ကျွန်မတို့ဟာ ဂုဏ်သိက္ခာနဲ့ ကာကွယ်စောင့်ရှောက်မှုအကြောင်း ပြောခဲ့ကြပါတယ်။ အဲဒီ့အရင်မှာတော့ ခွန်အားအကြောင်း ဆွေးနွေးခဲ့ကြပြီး အခုတော့ ဒါကို တခြားရှုထောင့်တစ်ခုကနေ ဆွေးနွေးကြမှာဖြစ်ပါတယ်။ သိမ်မွေ့နူးညံ့မှုဆိုတဲ့ အယူအဆဟာ ကျွန်မတို့ အရင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆန့်ကျင်နေတာ မဟုတ်ကြောင်း ပြသသွားမှာ ဖြစ်ပါတယ်။
တမန်တော်မြတ် (ﷺ) ဟာ အာအေရှာဟ် (رضي الله عنها) နဲ့ မဒီနာမှာ လမ်းလျှောက်နေစဉ်၊ ကောင်းကင်ကျကျမ်းများကို ယုံကြည်ကြသူများ (People of the Book) ထဲမှ အုပ်စုတစ်စုက سَامٌ عَلَيكمُ လို့ အော်လိုက်ကြတယ်။ ဒါရဲ့ အဓိပ္ပာယ်က “သေမင်းသင်တို့ဆီ သက်ရောက်ပါစေ” လို့ ဆိုလိုတာပါ။ တမန်တော်မြတ် (ﷺ) က وَعَلَيكمُ ဟာ”သင်တို့အပေါ်လည်း” လို့ တည်ငြိမ်စွာနဲ့ ဖြေပေးလိုက်ပါတယ်။ အာအေရှာဟ် (رضي الله عنها) က ထိုသူတို့ တမန်တော်မြတ် (ﷺ) ကို အဲဒီလို ပြောဆိုလိုက်တာကို စိတ်ဆိုးသွားပြီး وَعَلَيكمُُ السامُ وَالل عَنةَ “သင်တို့အပေါ် သေမင်းနဲ့ [အလ္လာဟ်အရှင့်ရဲ့] ကျိန်စာသင့်ပါစေ” လို့ ပြန်အော်လိုက်တယ်။ သူမ သူတို့ကို ဒေါသတကြီး ပြန်အော်နေတာကို တမန်တော်မြတ် (ﷺ) က စိတ်တည်ငြိမ်စေဖို့ ပြောခဲ့ပါတယ်။ သူမက “အို အလ္လာဟ်အရှင်ရဲ့ တမန်တော်၊ ထိုသူတို့ ဘာပြောလိုက်လဲဆိုတာမသိဘူးလား။ သူတို့ ဘာပြောလိုက်တယ်ဆိုတာ မကြားဘူးလား” လို့ ပြောခဲ့ပါတယ်။ ကိုယ်တော်မြတ် က “ကိုယ်တော် ဘာပြန်ဖြေလိုက်လဲဆိုတာ အသင်မ မကြားဘူးလား” လို့ ပြန်ဖြေခဲ့ပြီး သခင်မကို အလွန်လှပစွာ إِن اللهَ رَفِيقٌ يحِب الرفقَ فِي الأمَرِ كله “အလ္လာဟ်အရှင်ဟာ သိမ်မွေ့နူးညံ့တယ်၊ ပြီးတော့ အလ္လာဟ်အရှင်က အရာအားလုံးမှာ သိမ်မွေ့နူးညံ့မှုကို ချစ်မြတ်နိုးတယ်” လို့ ပြောပြခဲ့ပါတယ်။
ကျွန်မတို့ တမန်တော်မြတ် (ﷺ) ရဲ့ စီရာဟ် (ဘဝဇာတ်ကြောင်း/အတ္ထုပ္ပတ္တိ) ကို ဖတ်တဲ့အခါ၊ ကိုယ်ရှိပြီးသား စရိုက်လက္ခဏာကို အတည်ပြုဖို့ ဖတ်ကြတာလား။ တစ်ယောက်ယောက်က ခွန်အားကြီးချင်တာ သို့မဟုတ် သူ့အပြုအမူကို အခြေအနေတစ်ခုခုမှာ ကာကွယ်ဖို့ လိုတဲ့အခါ တမန်တော်မြတ် (ﷺ) ရဲ့ဘဝထဲက ကိုယ်တော်မြတ်ရဲ့ ပင်ကိုယ်သဘာဝပုံစံမဟုတ်တဲ့ ဒေါသစိတ်ပြခဲ့တဲ့ သို့မဟုတ် ရန်လိုတိုက်ခိုက်မှု ဆန်ဆန် အဖြစ်အပျက်တစ်ခုကို ယူသုံးကြတာလား။ သို့မဟုတ် ဆန့်ကျင်ဘက်အတိုင်းလား – လူတစ်ယောက်က ဆက်ဆံမှုတစ်ခုခု သို့မဟုတ် ညှိနှိုင်းမှုတစ်ခုခုကို ကာကွယ်ဖို့၊ Ḥudaybiyah စစ်ပြေငြိမ်းရေးစာချုပ် (ဆွုလ်ဟ်) ကို သာဓကအဖြစ် သုံးပြီး သူတို့ရပ်တည်ချက်ကို ကာကွယ်တာမျိုးလား။ သို့သော် စီရာဟ်ကို ရိုးသားမှန်ကန်စွာ ဖတ်ကြည့်ရင်၊ တမန်တော်မြတ် (ﷺ) ရဲ့ ပုံမှန် ရပ်တည်ချက်က အလ္လာဟ် (سبحانه وتعالى)ဟာ ကိစ္စအရပ်ရပ်တိုင်းမှာ သိမ်မွေ့နူးညံ့မှုကို ချစ်တယ် ဆိုတာပါပဲ။ အကယ်၍ တမန်တော်မြတ် (ﷺ) က သိမ်မွေ့နူးညံ့မှုကနေ ခွဲထွက်ခဲ့တယ်ဆိုလျှင် အကျိုးအကြောင်းကောင်းတစ်ခုခုကြောင့်ပါပဲ။ အဲဒါ အလွန်သီးခြားဖြစ်တဲ့ မက်ဆေ့ဂျ်တစ်ခုကို အလွန်သီးခြားတဲ့ အခြေအနေတစ်ခုမှာ ပို့လိုက်တာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ဒါက ဘာကို ဆိုလိုတာလဲ၊ ပြီးတော့ သိမ်မွေ့နူးညံ့မှုကို ကျွန်မတို့ ဘယ်လိုနားလည်ရမလဲ။ အလ္လာဟ် (سبحانه وتعالى)ဟာ သိမ်မွေ့နူးညံ့သလို ကြင်နာသနားတတ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى)မှာ ပြစ်ဒဏ်ပေးခြင်းကို ညွှန်ပြတဲ့၊ ဒေါသကို ညွှန်ပြတဲ့ ဂုဏ်တော်များလည်း ရှိပါတယ်။ အခြေအနေတစ်ခု ပြောင်းသွားတယ်ဆိုပြီး အလ္လာဟ် (سبحانه وتعالى)က အလ်-ရဟ်မားန်/al-Raḥmān (အနန္တ မဟာကရုဏာတော်ရှင်)၊ အလ်-ရဟီးမ်/al-Raḥīm (အလွန်တရာ သနားကြင်နာတော်မူသော အရှင်)၊ အလ်-ဝဒူးဒု/al-Wadūd (အလွန်ချစ်မြတ်နိုးတော်မူသော အရှင်) သို့မဟုတ် အလ်-ဂဖ္ဖားရု/al-Ghafūr (အပြစ်များမှ အလွန်တရာ ချမ်းသာခွင့်ပြုတော်မူသောအရှင်) ဖြစ်တာကို ရပ်တန့်လိုက်တာ မဟုတ်ပါဘူး။ ဒါထက် ဆိုလိုတာက အဲဒီလို တုံ့ပြန်မှုအမျိုးအစားကို သတ်မှတ်ပေးတဲ့ အကြောင်းရင်းတွေ ရှိတယ်ဆိုတာပါ။ သို့သော်လည်း တမန်တော်မြတ် (ﷺ) ရဲ့ ယေဘုယျ ပုံမှန်ဆုံးမမှုက ကျွန်မတို့ရဲ့ ကိစ္စအရပ်ရပ်အားလုံးမှာ သိမ်မွေ့နူးညံ့ဖို့ပဲ ဖြစ်ပါတယ်။ စွန္နဟ်ကို ဘက်စုံနားလည်ခြင်းအားဖြင့် ကျွန်မတို့ဟာ ခွန်အားရှိတယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောနေဖို့၊ ရန်လိုနေဖို့ သို့မဟုတ် ရိုင်းစိုင်းနေဖို့ မလိုဘူးဆိုတာကို သိလာရပါတယ်။ အဲဒါတွေက အမှန်တကယ်မှာ အားနည်းချက်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
တမန်တော်မြတ် (ﷺ) ဟာ မက္ကာဟ်နဲ့ မဒီနာမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြက်ရယ်ပြုမှုတွေ၊ စော်ကားမှုတွေအပေါ် ကိုယ်တော့်ရဲ့ တည်ငြိမ်မှု[က] ခွန်အားရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ကိုယ်တော်ဟာ ရန်သူတွေကို သူ့အတွေးထဲ ဝင်ခွင့်ပြုမှာ မဟုတ်သလို၊ သူ့ရဲ့ အခြေခံမူတွေ၊ သူ့ရဲ့ ကျင့်ဝတ်တွေကနေ သူ့ကို ဖယ်ထုတ်ခွင့်လည်း ပေးမှာ မဟုတ်ပါဘူး။ တမန်တော်မြတ် (ﷺ) က တည်ငြိမ်စွာ စကားပြောတာ၊ အငြင်းအခုံမှာ နိုင်ဖို့ အသံကုန်ဟစ်အော်တာမလုပ်တာ၊ တခြားသူတွေကို စကားဖြတ်မပြောတာ၊ ကိုယ်တော့်ရဲ့ အာဏာအထွတ်အထိပ်ရောက်နေချိန်မှာတောင် ရန်လိုတိုက်ခိုက်မှု မပြုလုပ်တာ[တွေ]ဟာ ခွန်အားရဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။ အလ္လာဟ်က ဖန်ဆင်းခံအားလုံးအပေါ် အပြည့်အဝ အာဏာရှိပေမယ့် ကျွန်မတို့ကို သိမ်မွေ့နူးညံ့မှုနဲ့ ကြင်နာမှုကို ပြဆိုရွေးချယ်တာကို စဉ်းစားကြည့်ပါ။
ကျွန်မတို့လည်း အာဏာရှိတဲ့အနေအထားမှာ ရှိတဲ့အခါ အကြီးမားဆုံး ခွန်အားကို ပြသရာမှာ ကျွန်မတို့က သိမ်မွေ့နူးညံ့မှုနဲ့ ကြင်နာမှုကို ရွေးချယ်ကြပါတယ်။ ဒါဟာ မတရားမှု ခေါင်းထောင်လာစေမယ့် ပုံစံမျိုး မဟုတ်ဘဲ၊ ကျွန်မတို့ကိုယ်တိုင် မတရားမဖြစ်အောင် တားဆီးပေးပြီး ကျွန်မတို့ရဲ့ သဘာဝရင်းဖြစ်တဲ့ ကောင်းမွန်ခြင်းကနေ သွေဖယ်သွားခြင်း မရှိအောင် ကာကွယ်ပေးတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါကြောင့် إِن اللهَ رَفِيقٌ يحِب الرفقَ فِي الأمَرِ كله “အလ္လာဟ်အရှင်ဟာ သိမ်မွေ့နူးညံ့တယ်၊ ပြီးတော့ အရာအားလုံးမှာ သိမ်မွေ့နူးညံ့မှုကို ချစ်မြတ်နိုးတယ်။”
ယာအလ္လာဟ်၊ အရှင်မြတ်ထံ တောင်းဆုဒုအာအ်ပြုပါတယ်၊ သိမ်မွေ့နူးညံ့မှုကို ကျွန်မတို့စိတ်ရင်းထဲ၊ အပြုအမူများထဲမှာ ထည့်သွင်းပေးပါ၊ ရှိင်တွာန် (မာရ်နတ်) က ကျွန်မတို့ရဲ့ ဒေါသကို လှုံ့ဆော်ပြီး သိမ်မွေ့နူးညံ့မှုကနေ သွေဖယ်သွားစေဖို့ ကြိုးစားတဲ့အခါတောင် သိမ်မွေ့နူးညံ့မှုနှင့်အတူ ပြုမှုနိုင်စွမ်းပေးသနားတော်မူပါ။ အာမီန်း။